Wednesday, November 28, 2012

အမျိုးသမီး သားအိမ်ခေါင်းကင်ဆာအကြောင်းနှင့် ကျွန်မအပျိုစစ်ကြောင်းသစ္စာပြုပါသည် ။

ကျွန်မ အပျိုစစ်စစ်ဖြစ်ကြောင်း သစ္စာဆိုပါသည်။

ဒီအကြောင်းလေး ကို ကျွန်တော် မရေးမှီ မှာ... အမှာစကားလေး ပြောချင်ပါတယ်နော်......။ ဒါဟာ ကျန်းမာရေး စာပေလေး ဗဟုသုတ စာပေလေး တစ်ခု ဖြစ်ပါတယ်...။ အမျိုးသမီးတွေ သိထားရမယ့် အချက်တွေ ပါ........။  ကျွန်တော်က လည်း စာ ဖတ်တော့ တွေ့ နေရတယ်...  ဒါပေမယ့် ပြောချင်တာက.. သားအိမ်ခေါင် ကင်ဆာ ဘယ်လို ဖြစ်တာလဲ... ဆိုတာကို ... ကျွန်တော်က .. image မဂ္ဂဇင်း ထဲမှ... ဒေါက်တာစိုးလွင် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ရဲ့  ကျန်းမာရေး အမေးအဖြေလေးကို ဖတ်မိပြီး .... ခုလို အမျိုးသမီး တွေ ဗဟုသုတ နဲ့ သိထားစရာ လေးတွေ ဖြစ်အောင်....... ပြီးတော့ ... ပုဂ္ဂလိက ခံစားချက် ဗဟုသုတတွေကို လည်း တွေ့ရမှာပါနော်..။ ကဲ... ဖတ်ကြည့်ကြပါဦးနော်..........။
အမေး

ဆရာ......
ရိုသေလေးစားစွာနဲ့ စာရေးလိုက်ပါတယ်...။ ဒီစာကိုလည်း နားနဲ့မနာ ဖ၀ါးနဲ့ နာပေးပါလို့ မေတ္တာရပ်ခံပါတယ်...။ ပထမဦးစွာ ကျွန်မ ကိုယ်ကျွန်မ မိတ်ဆက်ပေးပါ့မယ်..။ ကျွန်မက ရှမ်းပြည်နယ်က ဖြစ်ပါတယ်..။ အသက်(32) နှစ်အရွယ် အပျိုကြီး ဖြစ်ပါတယ်..။ ဆရာ့စီ စာရေးမယ် စာရေးမယ်နဲ့ ဘယ်လိုရေးရမှန်းမသိလို့ မရေးဖြစ်တာ (၁) နှစ်လောက်ရှိပါပြီ ။
 ဟိုတလောက ဆရာ မန်း (ရာပြည့်) မှာ လာတုန်းကလည်း ဆရာနဲ့ တွေ့ချင် ၊မေးမြန်းချင်ခဲ့ပါတယ်... ဒါပေမယ့် ကျွန်မ မန်းကို မရောက်ဖြစ်ခဲ့ပါဘူး..။
ဆရာ ၊ ကျွန်မ ဗုဒ္ဓမြတ်စွာဘုရားရှင် ရှေ့မှာ သစ္စာဆိုပြီး တိုင်တည် ရပါသည်..။ ကျွန်မ ဒီအသက်အရွယ်ထိ ရည်းစားမထားဖူးဘူး၊ ဘယ်အမျိုးသား နဲ့ မှ လည်း မငြိစွန်း ဖူးတဲ့ အပျိုကြီး စစ်စစ်ပါဆရာ..။ ကျွန်မ လွန်ခဲ့တဲ့ (၂) နှစ်လောက်က အဖြူ ဆင်းလို့ဆိုပြီး အိုဂျီဆရာမ တစ်ယောက်နဲ့ ပြသဖူးတယ်..။ ဆရာမက စစ်ဆေးပြီးသောက်ဆေးတစ်ချို့ပေးလိုက်ပါတယ်။ ဆေးစာမှာ လည်း အပျို မြှေးရှိတယ်ဆိုပြီး မှတ်ချက်ရေးပေးလိုက်ပါတယ်..။ နောက်နှစ်လ လောက်မသက်သာတာနဲ့ နောက် အိုဂျီဆရာမ တစ်ယောက်နဲ့ ပြောင်းပြီး ပြသပါတယ်..။ ဆေးစစ်ခိုင်းပါတယ်..။ သားအိမ်ထဲမှာ တော့ ဘာမှ မဖြစ်ပါဘူးတဲ့ ။ သားအိမ်ခေါင်းထိပ်က ဆဲလ်လေးတွေကို ယူပြီး စစ်တော့ သားအိမ်ခေါင်း ကင်ဆာ အကြို အဆင့်(၁) လို့ ပြောပါတယ်..။ ကျွန်မ ကိုလည်း မေးမြန်းလိုက်တာ ဆရာရယ်...။ ရှက်လည်း တအားရှက်မိပါတယ်...။ အိမ်ထောင်ရှိလား ၊ ရည်းစားရှိလား ၊ အမျိုးသားတွေနဲ့   ငြိစွန်းဖူးလားနဲ့ စုံနေတာပါပဲ..။ မယုံသင်္ကာနဲ့ပါဆရာရယ်..။ အဲ့လောက်ထိလည်း ကျွန်မက သဘော မပေါက်သေးပါဘူး..။ ကျွန်မလည်း ဆွေးမျိုးနဲ့ သူငယ်ချင်း အပျိုကြီးတွေ ကို ပြောပြမိပါတယ်..။ သူတို့လည်း ဂရုစိုက်ရအောင်လို့ပါ...။ တကယ့်ကို စေတနာ စိတ်ရင်းနဲ့ ပါဆရာ ....။ တစ်ချို့ က သားအိမ်ခေါင်း ကင်ဆာ ဆိုတာ အပျိုစစ်တွေ မဖြစ်ကြဘူးဆိုတဲ့ ခနဲ့တဲ့ စကားတွေကိုလည်း ကြားရပါတယ်...။အဲ့လောက်ထိလည်း ကျွန်မ သဘောမပေါက်သေးပါဘူး...မဂ္ဂဇင်း တစ်ခုမှာ ကလောင်ရှင် တစ်ဦးရဲ့  စာကို ဖတ်ပြီးမှ ခနဲ့တာခံရတာကို သဘောပေါက်တယ်..။ အဲ့ဒီကလောင်ရှင်က သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရတဲ့ အပျိုကြီးတွေက ဘယ်လိုမျိုး အပျိုကြီးလဲ ဆိုပြီး ပက်ပက်စက်စက် ရေးထားတာကို တွေ့လိုက်ရပါတယ်...။ ဆရာရယ်.. ကျွန်မလည်း အဲ့တော့မှ ရှက်ရွံသိမ်ငယ် စိတ်ဖြစ်လာပါတယ်...။ နိုင်ငံခြားကိုတောင် သွားပြီး အလုပ်လုပ်ဖို့ စိတ်ကူးမိပါတယ်..။ တစ်ချို့ ကျွန်မအကြောင်းသိတဲ့ သူတွေကတော့ ကျွန်မကို အားပေး ကြပါတယ်...။ ဆရာဝန် ဆေးစစ်တာ မှားတာပါလို့ အားပေးကြပါတယ်...။ ကျွန်မ ဆရာ့ရဲ့  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ထုတ် Image မဂ္ဂဇင်း ကို ဖတ်မိပြီး ... အရဲစွန့်မေးမြန်းစာကို ရေးသားလိုက်ပါတယ်...။ အဲ့ ဒီ ခုနှစ် လ တုန်းက အဲ့စာအုပ်ထဲမှာ ဆရာက အပျိုမြှေးအကြောင်းကို ရေးထားတာတွေ့ရပါတယ်..။ ပထမ အိုဂျီ နဲ့ ဒုတိယ အိုဂျီ ပြတာဟာ နှစ်လပဲ ခြားပါတယ်......။ ဘာကြောင့်ခုလိုဖြစ်တာလဲဆိုတာ အကြောင်းရင်းတော့ရှိရမယ်ဆိုပြီး.... ဆရာ့ကို Image မဂ္ဂဇင်းကနေ ပြန်လည် ဖြေကြားစေချင်ပါတယ်..။ ဒုတိယ အကြိမ် ဆရာ့ကို သစ္စာဆိုဝံ့ပါတယ် ။ ကျွန်မ တကယ့်ကို အပျိုစစ်စစ်ဖြစ်တယ်ဆိုတာ ကို သစ္စာဆိုပါတယ်......။ ဆရာ့အဖြေကို မျှော်နေမယ်...။
                                                                                                                                                            နန်းခင်ခင်
ရှမ်းတောင်တန်း တစ်နေရာ က အပျိုစင်မလေး နန်းခင်ခင်သို့
                 စာနာနားလည်ခြင်းများ စွာနဲ့ စာပြန်လိုက်ပါတယ်.....။ အခု အသက်အရွယ်အထိ ဖိုဆိုလို့ ယင်ဖိုတောင်မှ မနားဖူးသေးတဲ့ လက်သည်းလေးနဲ့ ဆိတ်ကြည့် ရင်တောင် စစ်စစ်နဲ့ မြည်အောင် စစ်တဲ့ အပျိုစစ်စစ် တစ်ယောက်ရဲ့  ဖြူစင်တဲ့ နှလုံးသားလေးမှာ ဒဏ်ရာ အနာတရ ဖြစ်သွားခဲ့ရတဲ့ ကိစ္စကိုလည်း စိတ်မကောင်းကြီးစွာနဲ့ အားတုံ့အားနားကြီး ခံစားရပါတယ်...။ နေ့စဉ်နဲ့ အမျှ လူနာပေါင်း များစွာကို ဆေးကုသနေရ ၊ စကားလုံးပေါင်း သောင်းနဲ့သိန်းနဲ့ ချီအောင်ပြောနေ ရတဲ့ ဂျာနယ်မဂ္ဂဇင်း တွေမှာ ကျန်းမာရေး အသိပညာပေး  စာပေတွေရေးသား နေရတဲ့ ဆရာဝန်တစ်ယောက်...၊ စာရေးဆရာတစ်ယောက်အနေနဲ့ သမီးနန်းရဲ့  ဖြစ်ရပ်လေးဟာ ဆေးကုသရာ...၊  စာရေးရာမှာ... သင်ခန်းစာ ယူဖို့ ၊ သတိထားဖို့ အသိပညာပေးလိုက်တဲ့  အဖိုတန် ဖြစ်ရပ်လေး တစ်ခုပါပဲ .....။ ကျေးဇူးတင်ပါတယ်ကွယ်....။ ဆရာအပါဝင် ဆရာဝန် တွေအားလုံးဆင်ခြင်တက်ဖို့ ၊ ကိုယ်ချင်းစာနာတက်ဖို့ ၊ သမီးရဲ့  ခံစားချက်ကို မျှဝေ ပေးလိုက်တာ ဟာ သိပ်ကို မှန်ကန် တဲ့ ကိစ္စပါပဲ..။
                   ဆရာတို့ ဆရာဝန်တွေအနေနဲ့ ....တစ်ခါတစ်ရံ မှာ မိမိကိုယ်တိုင်က သတိကောင်းကောင်းမထားမိလိုက်ပါဘဲနဲ့ စကားတစ်ခွန်းကို လွှတ်ခနဲ ထွက်သွားမိ ၊ ပြောမိဆိုမိ ၊ ဆူပူမိတာတွေ ရှိတက်ပါတယ်.....။ ကိုယ်ကသာ ဘာဆိုဘာမှ မရည်ရွယ် သတိမပြု မိလောက်အောင် အသေးဖွဲ့လေးလို့ ထင်ရပေမယ့် လူနာတစ်ယောက်ရဲ့  နှလုံးသားကို မျှားတစ်စင်းဖြတ်သန်း သွားပြီး အကြီးမားဆုံး ဆေးကုသမရနိုင်တဲ့ ဒဏ်ရာအနာတရ ဖြစ်သွားစေနိုင်ပါလားဆိုတာ သမီးမနန်းရဲ့  ဖြစ်ရပ်လေးဟာ သက်သေပါပဲ...။
                   သမီးနန်းရဲ့  အဖြစ်ရပ်လေးက ဆရာတို့ ဆရာဝန်တွေ အားလုံး စဉ်စားဆင်ခြင် စရာကိစ္စလေးမို့ အတိုချုပ်လေး ပြောခွင့်ပေးပါနော်...။ သမီးနန်းက အပြစ်ကင်းတဲ့ အပျိုစစ်စစ် ပန်းလေးတစ်ပွင့်  ၊ အခု ဆို အသက် (၃၂) နှစ် အရွယ် ထိ ရည်းစားဆိုလို့ မူးလို့တောင် မရူခဲ့ဘူး...။ အဖြူဆင်းလို့ အိုဂျီ မမနဲ့ ပြကြည့်တော့ သူကစစ်ဆေးကြည့်တယ်..။ ဆေးစာမှာလည်း အပျိုမြှေးရှိကြောင်း မှတ်ချက်ရေးပေးလိုက်တယ်.....။( ဒါ အပျိုစစ်ဖြစ်ကြောင်း သက်သေခံချက် သဘောမျိုးပေါ့..) ။ နောက်အိုဂျီကတော့ သားအိမ်ခေါင်း ထိပ်ဝက ဆဲလ်တွေကို ယူကြည့်တော့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်(၁) လို့ပြောတယ်...။ အဲ့ဒီမှာပဲ  အိုဂျီမမ က မယုံသင်္ကာနဲ့ ရည်းစားရှိလား ၊ အမျိုးသားတွေနဲ့ ညှိစွန်းဖူးလား နဲ့ စုံနေအောင်မေးတော့တာပဲ တဲ့ ။ အဲ့ဒီမှာ သမီးနန်း စိတ်ဆင်းရဲ ရှက်ပြီး..မဂ္ဂဇင်း တစ်ခုမှာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်တာ. ဘယ်လိုမျိုး အပျိုကြီးတွေလဲဆိုတဲ့ ခနဲ့ တဲ့ စာကိုဖတ်ပြီး... ရှက်ရွံ သိမ်ငယ်စိတ်တွေ ခံစား ၊ ဒီလူတွေနဲ့ ဝေးရာ နိုင်ငံခြားကို ထွက်ပြေးချင်လောက်အောင် စိတ်ဓါတ်တွေ ကျဆင်းမူတွေ ပြင်းထန် ခံစားရပြီး  ဆရာ့စီ သံသယ မေးခွန်းပေါင်းများစွာနဲ့ ရင်ဖွင့် ပြီး စာတစ်စောင် ရေးသားပါတော့တယ်..။
                    ကိုင်း... သမီးလေးနန်းရေ..... ၊ ပထမဦးဆုံး သမီးလေး နန်း ၀မ်းနည်းအားငယ်စိတ်တွေ ၊ သိမ်ငယ်စိတ်တွေ ပြေပျောက်ပြီး စိတ်အေးချမ်းသာစွာနဲ့ ဆရာဖြေ့မယ့် အခုစာလေးကို ဖတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်...။
                    ပထမဦးဆုံး သားအိမ်ခေါင်း ကင်ဆာ ဟာ အပျိုစစ်တွေမှာ မဖြစ်နိုင်ပါဘူး......။ ဒါကြောင့် သားအိမ်ခေါင်း ကင်ဆာ  ဖြစ်တဲ့ အမျိုးသမီးဟာ အပျိုစစ်မဟုတ်ပါဘူးဆိုတဲ့ စွပ်စွဲချက်က ရာနူန်းပြည့် မမှန်ကန်ပါဘူးဆိုတာ ပြောချင်ပါတယ်....။ ဘာကြောင့်လဲဆိုတော့  သားအိမ်ခေါင်းကင်ဆာကို သူ့ဆဲလ် အမျိုးအစားနဲ့ ပက်သက်ပြီး နှစ်မျိုးခွဲခြားထားပါတယ်..။ ပထမ တစ်မျိုး ဖြစ်တဲ့ Squamous Cell Type ကတော့ (၉၀) ရာခိုင်နူန်းဖြစ်တာမို့ အများ စုဖြစ်ပါတယ်....။ သူက HPV  လို့ ခေါ်တဲ့ လိင်က တစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်...။ ဒါကြောင့် ဒီကင်ဆာဖြစ်ရင် အပျိုမစစ်ကြဘူးလို့ ယေဘုယျ အားဖြင့်ပြောကြတာဖြစ်တယ်...။ ဒါပေမယ့် လူသိနည်းတဲ့  ၊ ရှားပါတဲ့  Adenocarcinoma Cell Type ကျတော့  အပျိုစစ်စစ် တွေမှာလည်း ဖြစ်တက်တယ်...။ လိင် ဆက်ဆံတာနဲ့ မဆိုင်ဘူး ။ ဒါကြောင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရင် သူဟာ အပျိုစစ်စစ် မဟုတ်ပါဘူး လို့ ၀ါးလုံးနဲ့ သိမ်းကျုံးပြီး ရိုက်သလို ငါ့စကားနွားရ မပြောသင့်ဘူး...။
                     နောက်တစ်ချက် အပျိုမြှေးနဲ့ အပျိုစစ်စစ်ကိစ္စကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်..သမီးနန်းရေ..။ သမီးနန်းရဲ့ ဖြစ်ရပ်မှာ အိုဂျီမမ နှစ်ယောက်ရဲ့  စမ်းသပ်မူတွေမှာ နားလည်မူ ခက်ခဲနေတာလေးတွေရှိတယ်.....။ ပထမ အိုဂျီစမ်း သပ်တော့  အပျိုမြှေးရှိတယ်တဲ့ ..။( အပျိုမြှေးဆိုတာ မွေးလမ်းကြောင်း အ၀ မှာ ပိတ်ဆို့နေတဲ့  အမြှေးပါးလေး ဖြစ်တယ်..။ အလယ်တည့်တည့်မှာ ရာသီသွေးဆင်းဖို့ အပေါက်သေးသေးလေး ပွင့်နေတဲ့ အမြှေးပါး ပေါ့..။ ) သဘောက အဲ့ ဒီအပျိုမြှေး ၇ှိတယ်ဆိုရင် ဒီမွေးလမ်းကြောင်း ထဲကို လက်ညှိုးလေးတစ်ချောင်း တောင် ချောင်ချောင်ချိချိ ထည့် ဖို့ မလွယ်လောက်အောင် အပေါက်က ကျဉ်းကျဉ်းလေး ဖြစ်တယ်...။ ဒုတိယ အိုဂျီ ကျတော့ သမီးနန်းရဲ့  သားအိမ်ခေါင်းထဲက အသားစ ဆဲလ်တွေကို ယူပြီး စစ်ဆေးတယ်လို့ပြောတယ်...။ အဲ့လို စစ်ဆေးဖို့ ဆိုရင် သားအိမ်ခေါင်း ဆီသေသေချာချာ မြင်ရဖို့ လိုအပ်တယ် ။ သားအိမ်ခေါင်း ကို မြင်ရဖို့ ဆိုရင် မွေးလမ်းကြောင်း ထဲကို ဘဲနူတ်သီး ပုံစံကိရိယာကို ထည့်ပြီး နူတ်သီးကို ဟ ကြည့်မှ မြင်ရမှာ ဖြစ်တယ်...။
                       ကိုင်း သမီးနန်းကို ဒုတိယ အိုဂျီ မမ က ဘယ်ပုံဘယ်နည်း နဲ့ သားအိမ်ခေါင်း ကို မြင်အောင်ကြည့်ပြီး အသားစ ဆဲလ်တွေကို ရအောင်ယူသလဲ ဆိုတဲ့ ကိစ္စကိုလည်း နားလည်ရခက်ပြန်တယ်....။ အဲ့ ဒီပစ္စည်း ကိရိယာကြီးကို အပျိုမြှေး( မစုတ်မပြဲ သေးဘဲ အပေါက်သေးသေးလေး ပွင့်နေတဲ့ အမြှေးပါး ) နဲ့ ပိတ်ဆို့နေတဲ့ မွေးလမ်းကြောင်းထဲကို သူဘယ်လိုများ ထည့်ပါလိမ့်..။ ထည့်ဖို့ လွယ်ပါ့မလား...၊ ဖြစ်ရောဖြစ်နိုင်ပါ့မလား..။ အရမ်းကို နာကျင်အော်ဟစ် ရုန်းကန်ရမှာမို့ မလွယ်ဘူး...။ ရိုးရိုး ဆေးခန်းထဲမှာ ဒီကိရိယာကြီးကို အစိမ်းလိုက် ထည့်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား...။ ခွဲခန်းထဲမှာ မေ့ဆေးပေးပြီးမှ ထည့်လို့ ရနိုင်မှာ...ပါ..။
                       ဆရာတို့ အတွေ့ ကြုံအရ ဆိုရင်တော့ သူ့ကိုယ်သူအပျိုစစ်စစ်ပါလို့ ပြောထားတဲ့ မိန်းကလေး ကို ခုနက ကိရိယာ ပစ္စည်းထည့်ပြီး သားအိမ်ခေါင်း ထိပ်က ဆဲလ်တွေကို ယူလေ့မရှိဘူး ကွယ်..။
                       နောက်တစ်ခုက သားအိမ်ခေါင်း ထိပ်က ယူလိုက်တဲ့ ဆဲလ်တွေက သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်(၁) အဖြေထွက်တဲ့ ကိစ္စ ။ ဒီလို ဓါတ်ခွဲခန်း အဖြေတိုင်းဟာလည်း ရာနူန်း ပြည့် မှန်ကန်မယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး..။စမ်းသပ်မူတိုင်းမှာ... False positive လို့ ခေါ်တဲ့ မှားယွင်း ပြီး အဖြေထွက်တာ အနည်းနဲ့ အများ ရှိနိုင်ပါသေးတယ်..။အထူး သဖြင့် အကြိုအဆင့် ၁ ဆိုတာဟာ ပုံမှန်က စပြီး ပြောင်းလဲခါစ သားအိမ်ခေါင်း ထိပ်မှာ ရောင်ရမ်းနေတဲ့ ပုံစံမျိုးနဲ့လည်း ဆင်တူတာမို့ မှားတက်ကြပြန်တယ်။ ဒီလို ပြောင်းလဲလေး နည်းနည်းပဲ စ ရှိတဲ့ အဆင့် (၁) ဆိုရင် ချက်ချင်း ဆေးကုသစရာမလိုပါဘူး...။ နောက် (၆) လလောက်စောင့်ပြီး တစ်ခါ ပြန်စစ်ရတယ်...။အများစုက (၆)လ မှာ နဂိုတိုင်း ပုံမှန် ပြန်ဖြစ်သွားတက်ကြလို့ပါပဲ...။ ဒီလို စိတ်ပူစရာမလိုတော့ပါဘူး.....။
                      နောက်တစ်ခုက အပျိုကြီး နန်းကို ဆရာဝန်က မယုံသင်္ကာနဲ့ ရည်းစား ရှိလား ၊ အမျိုးသားတွေနဲ့ ငြိစွန်းဖူးလား..၊ စတဲ့မေးခွန်းတွေမေးတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ရှင်းပြချင်ပါတယ်..။ဆရာတို့ ဆ၇ာဝန်တွေဟာ တစ်ခါ တစ်ရံမှာ လူ နာအနေနဲ့  သူရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပက်သက်နေနိုင်တဲ့ ၊ အမှန်တိုင်း ဖြေရခက်တဲ့ ၊ မဖြေချင်တဲ့ မေးခွန်းမျိုးတွေကို မေးရတက်တာမျိုးတွေ မလွှဲမရှောင်သာ လုပ်ရတက်ပါတယ်...။
                      ဆရာဝန် တစ်ယောက် စကားတစ်ခွန်း ဟာ လူနာတစ်ယောက်ရဲ့  စိတ်နှလုံး ကို အကြီးကျယ် ထိခိုက်သွားစေပါလား ဆိုတာ သမီးနန်းရဲ့  အဖြစ်လေးက ဆရာတို့ ဆရာဝန်တွေ အားလုံး အသိပေးလိုက်တာဖြစ်တယ် ။ကျေးဇူး တင်ပါတယ် ကွယ်....။ ဆရာတို့ ဆရာဝန်တွေ အားလုံးဟာ တစ်ခါတစ်ရံမှာ ကြည့်ရမယ့် လူနာကများ ၊ အချိန်ကမလောက်တာနဲ့  မြန်မြန်အဖြေရအောင် လူနာကို ဒုတ်ထိုးအိုးပေါက် မေးမိတာတွေ ရှိတယ်ဆိုတာ ၀န်ခံပါတယ်..။ ဒါကြောင့် ဆရာကိုယ်တိုင်လဲ နောက်ဆို လူနာနဲ့ ဆက်ဆံပြောဆိုရတော့မယ်ဆိုရင် ဘယ်လိုပုံ ဘယ်နည်းနဲ့ ထိခိုင်စေမလဲ ဆိုတာ စဉ်းစားပြီးမှ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ...။ ဒါကြောင့် ဆရာဟာ ဆေးကျောင်းသားတွေ/သူတွေ ဆရာဝန်လေးတွေကို သင်ကြားရင်လည်း ဒီအဖြစ်လေးကို ဥပမာ ပေးသင်ကြားပါ့မယ်..။
                        သမီးနန်းရေ....  လောကမှာ လူတွေ ဟာ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့  ခုနှစ်ရက် ပါပဲ...။ ကိုယ့် ရင်ထဲ နှလုံးသား ထဲမှာပဲ ။ ကိုယ့်ရင်ထဲ နှလုံးသား ထဲမှာပဲ အမိုက်ထုတ်ကြီးက လကခံထားမှ အကြာကြီးနေမှာ ။ ဒီတော့ သမီး ရင်ထဲမှာ ရှိတဲ့ အမိုက်တွေကို ရှင်းထုတ်ပစ်လိုက်...။
                         သမီးနန်း အဖိုဆိုလို့ ယင်ဖိုတောင် မနားဖူးတာ....။ အခုအရွယ် ထိ ဘယ်အမျိုးသားနဲ့ မှာ မငြိစွန်းဖူးတာ...။ အဲ့ဒီ အပျိုစစ်ကြောင်း ထပ်ခါ ထပ်ခါ မြတ်စွာဘုရားရှေ့မှာ သစ္စာဆိုရဲတာ ။ ဆရာကလည်း.. ရှားရှားပါးပါး ဂုဏ်ယူစရာကိစ္စမျိုး ခုလို ခေတ်ကြီးထဲမှာ အမှန်တကယ်ရှိနေတဲ့ကြောင်း Fashion Image မဂ္ဂဇင်းထဲကနေ တိုင်းသိပြည်သိ ကြေငြာ မောင်းခေတ်လိုက်ပါပြီ..........။
                                                                                                                                  ဒေါက်တာစိုးလွင်
                         ကဲ ဗဟုသုတ တွေ အများကြီး ရရှိနိုင်ပါစေ.
လင်းရောင်မိုး

1 comment:

  1. မှတ်သင့်တာတွေ မှတ်သွားပါတယ်။ ဆေးလိပ်သောက်တဲ့ မိန်းကလေးများ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာလေး ကြုံလို့အသိပေးလိုက် ပါရစေ။

    ကျန်းမာပျော်ရွှင်ကြပါစေ..

    ReplyDelete

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်