Wednesday, September 11, 2013

ကရင်လူမျိုးများ ရဲ့  ကိုးကွယ်ယုံကြည်မူ

ဒီနေ့တော့ ကရင်လူမျိုးများ ရဲ့  ကိုးကွယ်ယုံကြည်မူကို တင်ပြပေးပါ့မယ်...။ ဒီစာပေကိုတော့ ကျွန်တော်.. သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)မှ ပြန်လည်း ထုတ်နုတ်ကူးယူတင်ပြပါသည်....။ ရည်ရွယ်ချက်သည်.... ကရင်လူမျိုးများ အသိပညာဗဟုသုတရရှိရေးအတွက်သာဖြစ်သည်.။ ကဲ စတင်ဖတ်ရူ့ လေ့လာကြည့်ပါစို့... တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊ ၀ိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊ ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။ ပထမတန်းစားနတ်များမှာ… (၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ် ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။ ဒုတိယနတ်သရဲများမှာ….. (၁) တရဲ့တခါ၊ (၂) တာမူဟား၊ (၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။ တတိယနတ်များမှာ….. (၁) မော်ယာ၊ (၂) ပသို၊ (၃) လော်၊ (၄) ဘားနား၊ (၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။ (၁) က၊ (၂) လူ၊ (၃) ကန်၊ (၄) မော်ခီး၊ (၅) တရာနာ၊ (၆) တကာဒေး၊ (၇) တဒွန်ဟိန်ခေါင်၊ (၈) တနဲနောခု၊ (၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။ ဒူဝေရိုးရာ နတ် ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။ အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ကရင်ရိုးရာဓလေ့ပွဲတော်များ ကရင်လူမျိုးတို့၏ ရှေးဘိုးဘွား ဘီဘင်များသည် ၀ိညာဉ်ကို ယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင် ပူးကပ်မှီတွယ်နေပြီး လိပ်ပြာနှင့်အတူ ရှိသောသူသည် ကျန်းမာသည်။ သန်စွမ်းသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိသည်ဟု ယုံကြည်ကြ၏။ ထို့အတူ သစ်ပင်သီးနှံပင်တို့တွင်လည်း ၎င်းတို့ကို ကာကွယ်စောင့်ရှောက်သော ၀ိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ကို စောင့်ရှောက်သောနတ်ဟု ဆိုနိုင်သော ရုက္ခစိုး နတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြသည်။ ထို့နည်းတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့် ရှောက်သောနတ် ဟူ၍ရှိသည်ဟုလည်း ယုံကြည်ကြသည်။ ထိုယုံကြည်မှုများကြောင့် ကရင်လူမျိုးတို့တွင် လယ်ယာလုပ်ငန်းနှင့်ပတ်သက်သော ပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ - (၁) တောင်ယာနတ်စားချိန်ပွဲတော် (၂) တောင်ယာခုတ်ချိန်ပွဲတော် (၃) တောင်ယာစူးထိုးချိန်ပွဲတော် (၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော် (၅) ရေမြောင်းတာတမံပူဇော်ပွဲတော် (၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော် (၇) စပါးပုံလိပ်ပြာခေါ်ပွဲတော် (၈) ရိုးရာကောက်သစ်စားပွဲတော်နှင့် ဖီ့ဗူးယော်ပူဇော်ပွဲတော် (၉) အိမ်သစ်တက်မင်္ဂလာပွဲတော် (၁၀) ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲတော် (၁၁) ရွာလုံးကျွတ်လိပ်ပြာခေါ်ပွဲတော် (ခေါ်) ၀ါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော် (၁၂) အရိုးကောက်ပွဲတော် (၁၃) နှစ်သစ်ကူးပွဲတော် စသည်ဖြင့်ပွဲတော်အမျိုးမျိုးရှိသည်။ သူ့အချိန်အခါနှင့်သူ သူ့ နေရာနှင့်သူ ပုံစံအမျိုးမျိုး ကျင်းပကြသည်။ ဖီ့ဗူးယော် ပူဇော်ပွဲ ကရင်လူမျိုးတို့သည် စပါးကိုစောင့်ရှောက်သော စပါးလိပ်ပြာ (သို့) စပါးစောင့်နတ် (ဖီ့္ဘူးယ၀်) ရှိသည်ဟုယုံကြည်ကြသည်။ ဖီ့ဗူးယော် ကို ပူဇော်ခြင်းအားဖြင့် စပါးသည် ပျက်စီးလေလွင့်မှု နည်းပါးပြီး ပိုမို၍ အထွက်တိုး၏။ ရှိပြီးသား စပါးတို့သည်လည်း စားသုံးမှု အစဉ်လုံလောက်ပြီး မသိမသာတိုးပွားမြဲဖြစ်သည်ဟု ယုံကြည်ကြ၏။ ထိုယုံကြည်ချက်အရ ဖီ့ဗူးယော်ကို ရိုသေသမှုပြုသောအားဖြင့် ရိုးရာပူဇော်ပွဲတရပ်အဖြစ် လက်ခံကျင်းပကြသည်။ (မြန်မာတို့တွင် လယ်ယာကို စောင့်ရှောက်သော ပုန်းမကြဉ်နတ်ကဲ့သို့ပင် ဖြစ်သည်) ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ခြင်း ကရင်လူမျိုးတို့သည် လယ်ယာမြေထွန်ယက်ပြီး၍ စိုက်ပျိုးရန် သင့်မြတ်သော ရက်မြတ်သို့ ရောက်လာလျှင် ဦးစွာ လယ်မြေကွက်၏ ဒေါင့်စွန်းတို့၌ စပါးပင် (၇) ပင် (သို့) မျိုးကောက်ချက် (၇) ချက်ကို စိုက်ထားရသည်။ ၎င်းစိုက်ထားသော စပါးပင်များကို ကျွဲနွားတိရိစ္ဆာန်များ မဖျက်ဆီးနိုင်အောင် ကောင်းစွာ ကာရံထားကြသည်။ ၎င်းကို ဖီ့ဗူးယော်စပါးဟု သတ်မှတ်ကြသည်။ ၎င်း ဖီ့ဗူးယော်စပါး စိုက်ပြီးမှသာ ကျန်သော လယ်မြေကွက်ကို ဆက်လက်စိုက်ပျိုးကြသည်။ အကယ်၍ ရက်ကောင်းရက်မြတ်နေ့တွင် စပါးစိုက်ပျိုးရန် အခြေအနေ မပေးပါက စတိသဘောဖြင့် ဖီ့ဗူးယော်စပါးကို စိုက်ပျိုးထားကြရသည်။ နောင်အဆင်ပြေသော အချိန်မှသာ ကျန်သော လယ်ကွက်ကို စိုက်ပျိုးကြသည်။ ၎င်း ပြုလုပ်ချက်ကို ကရင်လူမျိုးတို့က လောင်ဆိုက်ခိုး (လင်ဆိက်ခေါဟ်) ဟုခေါ်သည်။ အချိန်တန်၍ စပါးရင့်မှည့်ချိန် ရောက်သောအခါတွင်လည်း စပါးကွက်များကို ဦးစွာရိတ်သိမ်းပြီး စပါးစည်းများကို တလင်းတွင် စုပုံထားကြရသည်။ စပါးစည်းများ တလင်းသို့ အားလုံးစုပုံပြီးမှသာ ဖီ့ဗူးယော်စပါးကို ပြန်ရိတ်ရသည်။ ဖီ့ဗူးယော်စပါးကို ရိတ်သိမ်းပြီးသောအခါ စုစည်းပြီး ၀ါးကိုင်း၏ ထိပ်ဖျားတွင်ချည်နှောင်ကာ တွဲလွဲချထားရသည်။ (၀ါးကိုင်းကို ထိပ်ဖျားအရွက်အခက်များ ချန်လှပ်ပြီး အရင်းအပိုင်း အရွက်အခက်များကို သပ်ချရသည်) ၎င်းအပြင် ယက်ထားသော ပလိုင်းခွက်ထဲတွင် ကောက်ညင်းဖင်ချွန် (မေ၀်အါင်္ဘံင်း)၊ ကြက်မောက်ပန်းအနီ၊ ဍရင်ကောက်နွယ်များထည့်၍ ထိပ်တွင်ချည်ဆွဲထားပြီး တလင်းရှိ စပါးစည်းပုံပေါ်သို့ စိုက်ထူထားကြရသည်။ စပါးစည်းများကို တလင်းတွင်နယ်ပြီးနောက် လှေ့ရသည်။ ထိုအချိန်တွင် ၀ါးသုံးချောင်းထောက်၍ ဖီ့ဗူးယော် ခိုနားရာနန်းအဖြစ် သတ်မှတ်ပြီး ဖီ့ဗူးယော်စပါးတွဲကို တင်ချိတ်ထားရသည်။ ထို့နောက် အတတ်နိုင်ဆုံးမြင့်နိုင်သော ၀ါးဘိုးရှည်တချောင်းကို ထိပ်ဖျား အရွက်အခက် ချန်လှပ်ပြီး ထိပ်ဖျားတွင် မူလ ဖီ့ဗူးယော်စပါးနှင့် ပူဇော်ထားသောကောက်ညင်းဖင်ချွန်များပါသည့် ပလိုင်းကိုပါ အတူချိတ်ဆွဲပြီး တလင်းရှိ စပါးပုံပေါ်သို့ စိုက်ထူထားကြသည်။ ရိုးရာပူဇော်ပွဲကျင်းပခြင်း ကရင်လူမျိုးတို့နေထိုင်သည့် ကျေးလက်ဒေသများတွင် ရိုးရာကောက်သစ်စားပွဲ၊ ဖီ့ဗူးယော်ပူဇော်ပွဲ ပွဲတော်ကို ကျေးရွာ ခေါင်းဆောင်များက ဦးဆောင်ပြုပြီး ကမကထပြုလုပ်ပေးလျက် ရှိကြသည်။ ပွဲတော်မတိုင်မီ ပွဲတော်အကြီးအမှူးအဖြစ် ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ၊ နေ့ (၇)နေ့စုံသော အဖိုးနှင့် အဖွား (၇)ဦးစီတို့ကို ရှာဖွေအကူအညီတောင်းခံခြင်း၊ လိုအပ်သည့် ရိုးရာ အစားအသောက်များကို စီစဉ်ခြင်းတို့ကို ဦးစွာကြိုတင်ဆောင်ရွက် ထားရသည်။ ထို့နောက် သတ်မှတ်သည့် ရက်ကောင်းရက်မြတ် ရောက်ချိန်တွင် ကျေးရွာရှိလယ်သမားများက မိမိတို့ တလင်းရှိ စပါးများကို တတောင်းစ၊ နှစ်တောင်းစ ယူဆောင်လာပြီး ပွဲတော် ကျင်းပသည့် တလင်းကြီးတွင် စုပုံကြရသည်။ တလင်းကြီး၌ စပါးများကို စုပုံရာတွင် ရိုးရိုးစပါးတပုံနှင့် ကောက်ညင်းစပါး တပုံ၊ နှစ်ပုံခွဲပြီး စုပုံကြသည်။ ကရင်ဘာဖြင့် “္ဘူးမေါဝ်ၟ” “္ဘူးဖါၟ” ဟူ၍ခေါ်ကြသည်။ “္ဘူးဖါၟ” စပါးအဖိုအဖြစ် ကောက်ညင်းစပါးကို သတ်မှတ်ပြီး “္ဘူးမေါဝ်ၟ” ဟု သတ်မှတ်သည်။ စပါးအဖိုတပုံနှင့် စပါးအမတပုံတို့ကို အဝေးကနေပြီး သီခြားသိမြင်နိုင်စေရန် ကရင်ရိုးရာ မေတ္တာစောင်အနီနှင့် မေတ္တာစောင်အဖြူနှစ်ထည်ကို စပါးပုံ အဖိုနှင့်အမပေါ်တွင် ချိတ်ဆွဲထားကြသည်။ “ဖိုဝ့်္ဘါင်လူးယှး၀၀်” ခေါ် မေတ္တာစောင်အနီသည် ကရင် အမျိုးသားများ ခြုံသည့် စောင်ဖြစ်ပြီး “ဖိုဝ့်္ဘါင်လူးယှးအွါ” ခေါ် မေတ္တာစောင်အဖြူသည် ကရင်အမျိုးသမီးများခြုံသည့် စောင်ဖြစ်သည်။ ထို့နောက် စပါးပုံနှစ်ပုံအား ရာဇမတ်ဖြင့် ကာရံပြီး ရာဇမတ်ထောင့် (၄) ထောင့်တွင် ငှက်ပျောပင်၊ ကြံပင်၊ ကြခတ်ဝါးပင် (သို့) ဆူးပင်များဖြင့် စိုက်ထူကြသည်။ ၎င်းအပြင် ဖီ့ဗူးယော်အနေဖြင့် နောင်လာမည့်နှစ် ပြန်ရောက်ချိန်တွင် အသင့်စားသုံးနိုင်ရန် ကောက်ညင်းဖင်ချွန်၊ ငှက်ပျောသီး၊ အုန်းသီး၊ ကြံသကာ၊ ခွက်ပြင်၊ ကောက်ညင်းပေါင်း စသည့် ရိုးရာစားဖွယ် သောက်ဖွယ်များကို ရာဇမတ်တိုင် လေးဖက်လေးထောင့်တွင် ချိတ်ဆွဲထားကြရသည်။ လယ်ယာသုံးပစ္စည်းများဖြစ်သော ဓါး၊ တံဇဉ်၊ ကျည်ပွေ့၊ ပေါက်တူး၊ ပလိုင်း၊ ကြိတ်ဆုံများ စသည် တို့ကို ဍရင်ကောက် နွယ်ပင်များဖြင့် ရစ်ပတ်ချည်နှောင်ပြီး စပါးပုံတွင် စုပုံကြသည်။ ၎င်းအပြင် ဖီ့ဗူးယော်၏ မျိုးစေ့ဥ (အ်ုခီႜ့) အဖြစ် ဘဲဥကို ရွှံ့ဖြင့်လုံးထားသော မြေလုံးခဲနှင့်အတူ စုပုံပြီးထားကြသည်။ တောင်ယာထွက် သီးနှံများဖြစ်သည့် ပိန်းဥ၊ မျောက်ခေါင်းဥ၊ ၀ဥ၊ မျှစ်၊ ခရု၊ ငါး တို့ဖြင့် တာလပေါ့ ဟင်းချက်ပြီး စတိသဘောဖြင့် ပူဇော်ပသကြသည်။ ပူဇော်ရာတွင် ရာဇမတ်ဝင်းအတွင်းသို့ ပွဲတော် အကြီးအမှူးနှင့်အတူ နေ့ (၇)နေ့စုံသော အဖိုးနှင့် အဖွား၊ ပွဲတော် အကြီးမှူးမှလည်း စပါးလိပ်ပြာများ ပြန်လည်ဝင်ရောက်လာစေရန်နှင့် စပါး အထွက်တိုးစေရန် လူတိုင်း အစားအသောက် ဖူလုံမှု ရှိစေရန်နှင့် စပါးကိုဖျက်ဆီးနိုင်သော ဘေးရန်အပေါင်းမှ ကင်းလွတ်နိုင်စေရန် စသည်ဖြင့် ဆုတောင်းပေးလျက်ရှိသည်။ ဖီ့ဗူးယော်ကို ယုံကြည်စွာဖြင့် ပူဇော်မှုပြုခြင်းအားဖြင့် ဆန်ရေစပါးသည် မူလရှိပြီးသားထက် ပိုမိုလုံလောက်လာသည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်မှုရှိအောင် ကရင်လူမျိုးတို့တွင် ဖီ့ဗူးယော်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင် တပုဒ်ရှိသည်။ ဖီ့ဗူးယော်နှင့် ဒဏ္ဍာရီပုံပြင်အဆို ဖီ့ဗူးယော်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်အဆိုအရ - ကရင်လူမျိုးတို့သည် တောင်ယာစူးထိုးလုပ်ငန်းလုပ်ကိုင်ခြင်းကို ကမ္ဘာဦးမဆွကပင် လုပ်ကိုင် စားသောက်ခဲ့ကြသည်။ တောင်ယာ စူးထိုးလုပ်ကိုင်သော ကရင်တို့သည် နံနက် ဝေလီ ဝေလင်း အချိန်တွင် လုပ်ငန်းခွင်သို့ သွားကြသည်။ ကရင်ကျေးလက်ရွာတရွာတွင် အလွန်စိတ်သဘောထားကောင်းသော၊ သူတပါး အပေါ်တွင် စေတနာဖြင့်အစဉ် အမြဲယိုင်းပင်းတတ်သော ဖိုးဟွဲ(ဖေါဟ်ဃွှဲ) ဆိုသော ကောင်လေးတယောက် ရှိသည်။ ဖိုးဟွဲသည် အလွန်ဆင်းရဲသဖြင့် ရပ်ရွာက သူ့အား ဂရုမစိုက်၊ အလေးမမူကြ။ အပေါင်းအသင်းလည်း မလုပ်ကြပေ။ ဖိုးဟွဲသည် နုံချာစွာဖြင့် နေထိုင်စားသောက်ရသော်လည်း စိတ်ကောင်းအစဉ်မွေးသူဖြစ်သည်။ တနေ့သောနံနက်၌ အဖွားအိုတယောက်သည် တောင်ယာသို့ သွားစဉ် ခြေချော်ပြီး တောင်စောင်းသို့ လိမ့်ကျရာ တောင်စောင်းရှိ ၀ါးရုံပေါ်တွင် တင်နေပြီး တောင်ယာသွားသူများအား ကယ်ဆယ်ရန် အကူအညီတောင်းခံရှာသည်။ တောင်ယာသွား သူများမှာ အဖွားအို အကူအညီ တောင်းခံမှုကို တွေ့ရှိကြသော်လည်း လုပ်ငန်းမအား၍ လည်းကောင်း၊ ကူညီရန် အန္တရာယ်အခက်အခဲရှိသည်ကတကြောင်း ကြောင့် လည်းကောင်း အဖွားအိုအား သနားကြသော်လည်း ကူညီနိုင်စွမ်းမရှိဘဲ ချန်ထားခဲ့ကြသည်။ ထို့နောက် ဖိုးဟွဲ ရောက်လာသောအခါ မူလ စေတနာ အရင်းခံအပြည့်ဖြင့် ခဲရာခဲဆစ် အားစိုက်ပြီးတောင်စောင်းဝါးရုံမှ အဖွားအို၏ အသက်ကို ကယ်တင်ခဲ့လေသည်။ အဖွားအိုမှာ အဖော်မဲ့ အထီးကျန်ဖြစ်သဖြင့် ဖိုးဟွဲမှာ အဖွားအိုအား လူကြီးသူမအဖြစ်လည်းကောင်း၊ အဖော်အဖြစ်လည်းကောင်း အေးချမ်းစွာ နေနိုင်ရန်စေတနာဖြင့် သူ၏တဲစုတ်တွင် ခေါ်ထားပြီး နေ့စဉ် ၀တ္တရားမပျက် ပြုစုကျွေးမွေးသည်။ ဖိုးဟွဲမှာ အဖွားအိုအား ပြုစုစောင့်ရှောက်ရခြင်းအတွက် ကုသိုလ်ပြုမှုသာဖြစ်သည်ဟု ခံယူကာ မငြီးမငြူပြုစုပေးသည်။ အဖွားအိုမှာလည်း ဖိုးဟွဲနှင့် နေထိုင်ရသည်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ကျန်းမာ ပျော်ရွှင်မှု အပြည့်အ၀ရရှိသည်။ တနေ့တွင် ဖိုးဟွဲသည် အဖွားအိုနှင့် သူ့အတွက် လုပ်ရိုးလုပ်စဉ် သစ်သီးသစ်ဥများရှာဖွေရန် တောသို့သွားစဉ် အဖွားအိုမှာ အိမ်တွင်းကိစ္စအ၀၀ကို ပြုလုပ်ထားသည်။ ဖိုးဟွဲ ညနေပြန်ရောက်သောအခါ ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး၊ ရေခွက် အားလုံး အပြည့်အ၀ စီမံဆောင်ရွက်ထားပြီးသား ဖြစ်နေ၏။ ဖိုးဟွဲ၏ အိမ်တွင်ရှိသော သစ်ဥ၊ သစ်ဖု၊ စပါး၊ ဆန်၊ ရေတို့မှာလည်း လျော့နည်းခြင်းမရှိဘဲ တနေ့တခြား မသိမသာ တိုးပွားနေ၏။ သို့နှင့် ဖိုးဟွဲမှာ ဆန်ရေစပါးလုံလောက်ပြီး ပစ္စည်းဥစ္စာပေါများလာ၍ ၎င်းပစ္စည်းဥစ္စာများကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် အိမ်ထောင်ရှင်မ လိုအပ်သည်ဟု အဖွားအိုက ယူဆပြီး တနေ့ ဖိုးဟွဲ တောင်ယာသို့သွားစဉ် အဖွားအိုမှာ ဖိုးဟွဲအတွက် ချောမောလှပသော မိန်းမပျိုတဦးကို ခေါ်ယူထားလိုက်သည်။ ညနေ ဖိုးဟွဲ ပြန်လာသောအခါ အကျိုးအကြောင်း ပြောပြပြီး ကောင်းစွာ မင်္ဂလာဆောင်ပေးကာ အိုးအိမ်ထူထောင်မှု ပြုပေးလေသည်။ ဖိုးဟွဲမှာလည်း ရုပ်ရည်ချောမောပြီး လိမ္မာရေးခြားရှိသော ဇနီးသည်ကြောင့် တနေ့တခြား စီးပွားတိုးတက်၍ ပျော်ရွှင်စွာ နေထိုင်စားသောက် နိုင်လာခဲ့သည်။ တနေ့တွင် အဖွားအိုသည် ဖိုးဟွဲတို့ လင်မယားအား အကျိုးအကြောင်း ပြောပြ၍ ပြန်ရန် ခွင့်ပန်သည်။ သူမသည် သာမန် လူသားမဟုတ်ဘဲ လယ်ယာစပါးကို စောင့်ရှောက်သော ဖီ့ဗူးယော် ဖြစ်ကြောင်း၊ သူပြန်သွားသည့်အခါတွင် ဖိုးဟွဲတို့ကို စီးပွားချမ်းသာ မပျက်ရလေအောင် အစဉ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောပြီး စပါးရာသီ ပြီးစီးသောအခါ ပြန်သွားလေ တော့သည်။ နှောင်နှစ် စပါးရာသီရောက်လျှင်မူ သူမအားပင့်ဖိတ်ခေါ်ပါက သူမ လာရောက်စောင့်ရှောက်မည်ဖြစ်ကြောင်း မှာကြားပြီး ပြန်သွားလေသည်။ သို့နှင့် ရပ်ရွာရှိ လူများက ဖိုးဟွဲတို့ လင်မယားကို အားကျပြီး ဖိုးဟွဲကဲ့သို့ စိတ်ကောင်း စေတနာကောင်း မွေးလာကြသည်။ နှစ်စဉ် စပါးဦးကောက်ဦးတို့ကို ဖီ့ဗူးယော်အား ပူဇော်ပသရင်းကုသိုလ်ကောင်းမှုအလှူဒါနပြုသော အစဉ်အလာတရပ် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုပါသည်။ ထို့ကြောင့် ရှေးကရင်လူမျိုးတို့သည် ဖီ့ဗူးယော် လာရောက်ပြီးနောက် ပြန်သွားသောအခါ အောက်ပါကဲ့သို့ လွမ်းဆွတ်ဘွယ် တေးသီချင်းဖြင့် မှာတမ်းချွေ သီဆိုကြသည်ကို တွေ့ရသည်။ “ထါင်သါ့ဏ်ုဝေ့ ဖီ့္ဘူးယ၀် အ်ုခါ့္ဘး ဟှယ့်ထါင်ဍ၀်ဃှဝ် သိင်းထိုဝ်အေၟ သိုင့်ထင်းခိုဝ်းဍ၀် ထေါဟ်လဲုၟကူးကူး ဍးဝေ့လှ်” ဟု ဖြစ်ပြီး အဓိပ္ပါယ်မှာ “လယ်ယာများမှာရှိတဲ့ ကောက်နှံစပါးများကို စောင့်ရှောက်ပြီး ပြန်သွားတဲ့ အို … အဖွား ဖီ့ဗူးယော်။ နှောင်နှစ်အတွက် လယ်ယာများကို စောင့်ရှောက်ဖို့ အချိန်တန်ရင် ပြန်လာပါဦးလို့ ဖိတ်ခေါ်ပင့်ဆောင်အပ်ပါသည်။ ဖီ့ဗူးယော်ပြန်လာမည့်အချိန်ကတော့ နွေနှောင်းဖြစ်တဲ့ မိုးဦး အကြိုကာလ၊ သစ်ငုတ်တိုများ မီးလောင်လို့ ညိုမဲနေတဲ့အချိန်နှင့် ကူးကူး ကူးကူး လို့ ချိုးငှက်များတွန်ကျူးကြတဲ့ အချိန်ဖြစ်ပါတယ် … အို … ဖီ့ဗူးယော်” ဟူ၍ ဖြစ်သည်။ “ဆ်ုယ၀်ထင်းသင့်္ဘူးလးဃှာင့် ယ္ဋူသာဍေ ဖီ့္ဘးယ၀်ထါင် အ်ုခါ့္ဘး ဏိင်းဍ၀်ဟှယ့်ထါင် ဟှယ့်ထါင်အင်း မေ၀်ခေါဟ်မေ၀်အါင်” ဟူ၍လည်း သီဆိုပူဇော်ကြပြီး အဓိပ္ပ‘ါယ်မှာ “လယ်ယာများကို သီးနှံအောင်မြင်စွာ ထွက်လာအောင် စောင့်ရှောက်ပေးသည့် အဖွားဖီ့ဗူးယော်ဟာ ယခုအခါ နွေရာသီရောက်ရှိလာပြီး ကောက်နှံစပါးအရွက်များ ခြောက်လာသည့်အချိန်၊ ကောက်နှံစပါးများ အသီးမှည့်လာသည့်အချိန်မှာ တနှစ်တာ တာဝန်ပြီးဆုံးပြီး နေရင်းဋ္ဌာနသို့ပြန်သွားပါတော့မည်။ ပြန်လည်ထွက်ခွာသွားသော ဖီ့ဗူးယော်အား လွမ်းဆွတ် တသကြရပါသည်။ အို … ဖီ့ဗူးယော် နောင်နှစ်အတွက် လယ်ယာစပါး ထွန်ယက်ချိန် ကျရောက်လာလျှင် ကျွန်ုပ်တို့၏ လယ်ယာကို စောင့်ရှောက်ပေးဖို့ ပြန်လာလှည့်ပါ။ ဖီ့ဗူးယော် ပြန်ရောက်လာပါလျှင် ကျွန်ုပ်တို့ အသင့်ပြုလုပ်ထားသော ကောက်သစ်ဆန်ဦးများကို စားသောက်လှည့်ပါ။ အို … ဖီ့ဗူးယော်” စသည်ဖြင့် သီဆို ပူဇော်လေ့ရှိကြသည်။ ကရင်လူမျိုးတို့တွင် အထက်ပါတေးများအပြင် အခြား ဖီ့ဗူးယော် နှင့် သက်ဆိုင်သော တေးသီချင်းများ များစွာရှိပေသည်။ အထက်ပါ သီချင်းလင်္ကာသွားများကို ကြည့်ခြင်းအားဖြင့် ရှေးကာလက စပြီး နှစ်သစ်ကူးပြောင်း၍ ကောက်သစ်စပါးများ ထွက်ပေါ်လာ သည့်အချိန်တွင် ကောက်သစ်စားပွဲတော်ကို ပြုလုပ်ကျင်းပလေ့ ရှိကြောင်းနှင့် နှစ်သစ်ကူးပွဲတော်နှင့်အတူ ကောက်သစ်စားရင်း ဖီ့ဗူးယော် ပူဇော်ပွဲကို တပြိုင်တည်း အတူကျင်းပလာခဲ့ကြောင်း တွေ့ရှိရပေသည်။ ကောက်သစ်စားပွဲ ကရင်လူမျိုးတို့သည် မိရိုးဖလာတောင်ယာလုပ်ငန်းများဖြင့် ရှေးဦး မဆွကပင် လုပ်ကိုင်ပြီး သက်မွေးဝမ်းကြောင်း ပြုခဲ့ကြသည်။ တောင်ယာလုပ်ငန်းများမှ ပေါ်ထွက်လာသည့် သီးဦး သီးဖျားများဖြင့် ရိုးရာကောက်သစ်စားပွဲကို ကျင်းပလေ့ရှိကြသည်။ သို့သော် ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ ရောက်ရှိလာကြသည့်အခါ ရေမြေဒေသ ခြားနားစွာ နေထိုင်မှု၊ ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ရသော ခရီးကြမ်းတို့ကြောင့် ပတ်ဝန်းကျင်နီးစပ်မှုနှင့် ဘာသာယုံကြည်မှုကိုနွယ်၍ ကောက်သစ်စားပွဲ ကျင်းပသည့်နေ့ရက်များ ကွဲပြားလာခဲ့ကြသည်။ ဒေသအလိုက် ကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်လေ့ရှိသော နေ့ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ * မိရိုးဖလာကို ကိုးကွယ်သောတောင်ပေါ်ဒေသနေ ကရင် တို့သည် တနှစ်တာ တောင်ယာလုပ်ငန်းပြီးစီး၍ အရိုးကောက်ပွဲများ ပြုလုပ်ပြီးမှသာ ကျင်းပလေ့ရှိသည်။ * လဲကယ်ဘာသာဝင် ကရင်တို့သည် နယုန်လ (သို့) တန်ဆောင်မုန်းလအတွင်း ပထမအပတ်စနေနေ့တွင် ကျင်းပလေ့ရှိသည်။ * မြေပြန့်ဒေသနေ ကရင်အချို့နှင့် ထိုင်း(ယိုးဒယား)ရှိ ကရင်အချို့တို့က ပြာသိုလဆန်းတရက်နေ့တွင် ကျင်းပလေ့ရှိသည်။ * တလာကူ ရသေ့ဗုဒ္ဓဘာသာဝင် ကရင်အချို့က တပေါင်းလပြည့်ကျော် တရက်နေ့တွင် ကျင်းပလေ့ ရှိသည်။ ရိုးရာကောက်သစ်စားပွဲတော်နှင့်အတူ ဖီ့ဗူးယော်ပူဇော်ပွဲကို ယှဉ်တွဲလျက် ကျင်းပလေ့ ရှိကြသည်။ လုပ်နည်းလုပ်ဟန် အနည်းငယ် ကွဲပြားမှုရှိသော်လည်း ရည်ရွယ်ချက်ကား အတူတူပင်ဖြစ်သည်။ကရင်လူမျိုးတို့သည် ရိုးရာကောက်သစ်စားပွဲတော်၌ နပန်းပွဲ၊ လက်ဝှေ့ပွဲ၊ သြပွဲများဖြင့် အင်အားပြ၊ သတ္တိပြ၊ ကျန်းမာသန်စွမ်းမှုကို ပြသော ယှဉ်ပြိုင်ပွဲများ ကျင်းပကြသည်။ ရိုးရာကောက်သစ်စားပွဲ (အင်းလင်္ဘူးသင့်ခေါဟ်) နှင့်အတူ ဖီ့ဗူးယော် ပူဇော်ပွဲကို ပျော်ရွှင်စွာ ဆင်ယင်ကျင်းပပြီးနောက် တလင်းရှိ စပါးများကို စပါးကျီသို့ ထည့်သွင်းရလေသည်။ ကျေးရွာအလိုက် အများနှင့် သက်ဆိုင်သည့် စပါးကျီ (သို့) ရွာပိုင် စပါးကျီကို သင့်လျော်သည့်နေရာတွင် သတ်မှတ်ဆောက်လုပ်ထား ကြသည်။ စပါးကျီတွင်းသို့ စပါးအားလုံး ထည့်သွင်းပြီးမှသာလျှင် ဖီ့ဗူးယော်စပါး၊ ၎င်းင်းမျိုးစေ့ဥ (အ်ုခီႜ့) ဖြစ်သော မြေစာလုံးခဲ တလုံးနှင့် ၎င်းအား ပူဇော်ပသထားသော ပုလိုင်းငယ်တို့ကို စပါးကျီ၏ အပေါ်ထောင့် တနေရာတွင်ထားပြီး တနှစ်ပတ်လုံး ဖီ့ဗူးယော်ကိုယ်စား စပါးကျီကို စောင့်ရှောက်စေလေသည်။ အချို့မှာ ဖီ့ဗူးယော်တိုင်ထိပ်တွင် ဖီ့ဗူးယော် ကိုယ်စား သိန်းငှက်ရုပ် ပြုလုပ်ချိတ်ဆွဲထားကြသည်။ သိန်းငှက်ရုပ်ရှိခြင်းဖြင့် ကြက်၊ ငှက်၊ ကြွက်များ စပါးကို လာရောက်ဖျက်ဆီးမှုကို ကာကွယ်သည်။ သိန်းငှက်က ကြက်၊ ငှက်၊ ကြွက်များကို ထိုးသုတ်ချီယူ စားသောက်ခြင်းဖြင့် စပါးကို ဖျက်ဆီးသည့် အန္တရာယ်များကို ကာကွယ်ရန် ရည်ရွယ်၍ သိန်းငှက်ရုပ်ကို ချိတ်ဆွဲကြခြင်းဖြစ်သည်။ ယနေ့တွင် ဖီ့ဗူးယော် ပူဇော်ပွဲ ကျင်းပသည့်အခါ ဖီ့ဗူးယော်အား ပြန်လည်ပို့ဆောင်သောအားဖြင့် လူစုလူဝေးများတန်းစီပြီး အိုးစည် ဖားစည်များဖြင့် တပျော်တပါး ပို့ဆောင်ကြပြီး ပျော်ပွဲရွှင်ပွဲ တရပ် အဖြစ် ကျင်းပကြသည်ကိုတွေ့ရပေသည်။ ဖီ့ဗူးယော်ပူဇော်ပွဲကျင်းပခြင်းအခမ်းအနားအစီအစဉ် ဖီ့ဗူးယော်ပူဇော်ပွဲကို နှစ်သစ်ကူးနေ့ နံနက်ပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။ နံနက်နေ အာရုံတက်ချိန်တွင် ကရင်အမျိုးသား အလံတော်အား လွှင့်ထူခြင်း၊ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ခြင်းများပြီးနောက် ဖီ့ဗူးယော် ပူဇော်ပွဲကို တဆက်တည်း ကျင်းပကြသည်။ ဖီ့ဗူးယော် ပူဇော်ပွဲ ပြုလုပ်သည့် အခမ်းအနား အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။ (၁) ပွဲတော်အကြီးအမှူး ၁-ဦးနှင့်အရန် ၂-ဦးတို့က ရာဇမတ်ဝင်း အတွင်းသို့ စတင်နေရာယူခြင်း။ (၂) နေ့ ၇-နေ့စုံသော အဖိုး ၇-ဦးနှင့် အဖွား ၇-တို့က မြေးငယ် များ ခြံရံလျက်နေရာယူခြင်း။ (၃) ပွဲတော်အကြီးအမှူးမှ စပါးလိပ်ပြာများ ပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာချွေသောအားဖြင့် ရွတ်ဖတ်ပူဇော်ခြင်း။ (၄) ပွဲတော်အကြီးအမှူးက ဦးဆောင်လျှက် အဖိုးအဖွားနှင့် မြေးငယ်များအားလုံး ရာဇမတ်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း။ အထက်ပါ အခမ်းအနားအစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်မှာ အောက်ပါအတိုင်းဖြစ်သည်။ ပွဲတော်အကြီးအမှူးများ နေရာယူအပြီးတွင် နေ့ ၇-နေ့စုံသော အဖိုး ၇-ဦးနှင့် အဖွား ၇-တို့က မြေးငယ်များ ခြံရံလျက် ရာဇမတ်ဝင်း အတွင်းသို့ ဆက်လက်နေရာယူကြသည်။ ရာဇမတ်ဝင်းအတွင်းရှိ စပါးပုံအား လက်ယာရစ်ဖြင့် ၃-ပတ်တိတိ လှည့်ပတ်ပူဇော် ပြီးနောက် စပါးပုံ၏ လက်ယာဖက်တွင် အဖိုး ၇-ဦးကလည်းကောင်း၊ လက်ဝဲဖက်တွင် အဖွား ၇-ဦးကလည်းကောင်း နေ့နာမ် အလိုက် အသီးသီး နေရာယူကြသည်။ မြေးငယ်များက အဖိုး၊ အဖွားတို့၏ နောက်၌နေရာယူကြသည်။ ထိုသို့ နေရာယူပြီးချိန်တွင် ပွဲတော်အကြီးအမှူးသည် စပါးလိပ်ပြာများ အသီးသီးပြန်လည် ၀င်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသော စကားအား ကရင်ဘာသာလင်္ကာဖြင့် စတင်ရွတ်ဖတ်ပါသည်။ ပွဲတော်အကြီးအမှူး ရွတ်ဖတ်ပူဇော်ခြင်း ပြီးဆုံးသည့်အခါတွင် အဖိုး၊ အဖွားများက စပါးပုံအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီး အဖိုးအဖွားနှင့် မြေးငယ်များက ပေါက်ပေါက်ဆုပ်များ ကြဲပက် ကြသည်။ ထို့နောက် ပွဲတော်အကြီးအမှူးက ရှေ့ဆုံးမှဦးဆောင်ပြီး အဖိုးအဖွားနှင့် မြေးငယ်များတို့နောက်မှ ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းမှ အသီးသီးပြန်လည်ထွက်ခွာကြသည်။ ပွဲတော်၌ ဧည့်ခံကျွေးမွေးရန် အသင့်ပြုလုပ်ထားသော ရိုးရာ စားဖွယ်သောက်ဖွယ်များ၊ ခေါင်ရည်များကို ပွဲတော်လာ ပရိသတ်များအား တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ ကရင်ယဉ်ကျေးမှု လူငယ်မောင်မယ်များကလည်း ပရိသတ်များအား ရိုးရာတေး သီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။ ဖီ့ဗူးယော် ပူဇော်ပွဲကို ကရင်လူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်အတူ ယခင်က ယှဉ်တွဲပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မှေးမှိန်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက် ပြန့်ပွားရေး အသင်းသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဖီ့ဗူးယော်ပူဇော်ပွဲ ရိုးရာဓလေ့ကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်သောအားဖြင့် ဖားအံမြို့ပေါ်တွင် ကျင်းပသော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ပွဲတော်များတွင် သရုပ်ပြပွဲအဖြစ် ကျင်းပပြသနိုင်ခဲ့သည်။ အဆိုပါသရုပ်ပြပွဲမှ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများကို ရန်ကုန်မြို့ စစ်သမိုင်းပြတိုက်တွင် အများပြည်သူ လေ့လာနိုင်ရန် ချိတ်ဆွဲပြသထားသည်။ ကရင်အမျိုးသားတိုင်း မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်နိုင်ကြပါစေဟူ၍ ဆန္ဒပြုအပ်ပါသည်။ သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်) လယ်တီမြေသားဘလော့ပိုစ်မှာ ဖတ်ရူ့ ရသမျှအား ကရင်လူမျိုး များဗဟုသုတ ရရှိအောင် ပြန်လည်ဝေမျှကာ တင်ပြအပ်ပါသည်..။ လင်းရောင်မိုး..(ဘားအံ)

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်